ဆဲဆိုခြင်း (သို့မဟုတ်) စိတ်ငြိုငြင်အောင်ပြုခြင်း
ဆဲဆိုခြင်း (သို့မဟုတ်) စိတ်ငြိုငြင်အောင်ပြုခြင်း
ဆဲဆိုခြင်းလို့ လူသိများကြတဲ့ ပြစ်မှု ဥပဒေအသုံးအနှုန်းကတော့ စိတ်ငြိုငြင်အောင်ပြုလုပ်မှုလိုသတ်မှတ်တယ်။ ရာဇသတ်ကြီး ပုဒ်မ ၂၉၄ မှာပြဌာန်းထားပါတယ်။ ဆဲ တယ်ဆိုတဲ့စကားဟာ အရပ်သုံးစကားပါ ဥပဒေစကားလုံးက ဒီထပ်ပိုကျယ်ပြန့်ပါတယ်။ အရပ်ထဲမှာ တစ်ဦးနှင့် တစ်ဦးမကျေနပ်ကြလို့ စကားများရန်ဖြစ်တဲ့အခါ ဒီပုဒ်မကို ကျူးလွန်ပြီးသားပါ။ ဆဲ ကြတဲ့အခါမှာလဲ တိုးတိုးတိတ်တိတ်ညှင်ညှင်သာသာဆဲဆိုကြ ရန်ဖြစ်ကြတယ်ဆိုတာဟာလဲမရှိကြပါဘူး။ ၇အိမ်ကြား ၈အိမ်ကြားလောက်အောင် ဆဲဆိုကြတာပါပဲ။ အဲ့လို စကားများရန်ဖြစ်ကြတာက ကာယကံရှင်တွေသာ မကပါဘူး ပတ်ဝန်းကျင်ကိုပါ စိတ်ငြိုငြင်စေပါတယ်။ အဲ့လိုစိတ်ငြိုငြင်စေမှုကိုမဖြစ်ရစေဖို့ ဥပဒေကလဲအကာအကွယ်ပေးထားပြီးသားပါ။ ကဲ ဥပဒေပြဌာန်းချက်ကို စလိုက်ကြရအောင်။
ပုဒ်မ ၂၉၄ ။ ။ မည်သူမဆို အခြားသူများကို စိတ်ငြိုငြင်အောင်-
(က) အများပြည်သူဆိုင်ရာနေရာတစ်ခုခုတွင် ညစ်ညမ်းသောပြုလုပ်မှုတစ်ခုခုကို ပြုလျှင် သို့တည်းမဟုတ်-
(ခ) အများပြည်သူဆိုင်ရာနေရာတစ်ခုခုတွင် ဖြစ်စေ၊ အနီးအနားတွင်ဖြစ်စေ၊ ညစ်ညမ်းသော ကဗျာ၊ လင်္ကာ၊ သီချင်း၊ စကားတစ်မျိုးမျိုးကို ရွတ်ဆိုခြင်း၊ သီဆိုခြင်း၊ ပြောဆိုခြင်းတစ်ခုခုပြုလျှင် ထိုသူကို သုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ဤပုဒ်မနှင့် အကျုံးဝင်ရန်-
(၁) တရားခံသည် အများပြည်သူဆိုင်ရာနေရာတွင် ပြုလုပ်မှုတစ်ခုခုကိုပြုခြင်း သို့မဟုတ် အများပြည်သူဆိုင်ရာနေရာတွင်၊ အနီးအနားတွင် ကဗျာ၊ လင်္ကာ၊ သီချင်း၊ စကားတစ်မျိုးမျိုးကို ရွတ်ဆိုခြင်း၊ သီဆိုခြင်း၊ ပြောဆိုခြင်း၊
(၂) ယင်းသို့ပြုလုပ်မှု၊ သီဆိုပြောဆိုမှုသည် ညစ်ညမ်းခြင်း၊
(၃) ထိုပြုလုပ်မှုကြောင့် အခြားသူများအား စိတ်ငြိုငြင်စေခြင်း၊
Comments
Post a Comment