ဥပဒေအရ သတင်းပေးရန်ပျက်ကွက်သည်ကို အရေးယူခြင်း

 ဥပဒေအရ သတင်းပေးရန်ပျက်ကွက်သည်ကို အရေးယူခြင်းနှင့်စပ်လျဉ်း၍

လူသားတို့သည် အဖွဲ့အစည်းဖြင့် နေထိုင်ခြင်းဖြစ်၍ တစ်ဦးနှင့်တစ်ဦး ကင်းကွာနေ၍မရ၊ အတူယှဉ်တွဲနေထိုင် ရသည်။ ပူးပေါင်းဆောင်ရွက်ကြရသည်။ အန္တရာယ်ကို စုပေါင်းကာကွယ်ရသည်။ အရင်းအမြစ်များကို မျှဝေရသည်။ လူ့အဖွဲ့အစည်းတွင် ဆောင်ရန်ရှောင်ရန် အချက်များကို ဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ကြစမြဲ ဖြစ်သည်။ ဆောင်ရွက်ရန်ရှိသည်ကို ပျက်ကွက်လျှင်ဖြစ်စေ၊ တားမြစ်သည်ကို မလိုက်နာလျှင်ဖြစ်စေ ဥပဒေအရ ပြစ်ဒဏ်ပေးခြင်းသည် လူ့အဖွဲ့အစည်းတည်ငြိမ်အေး ချမ်းမှုကို ထိန်းသိမ်းခြင်း ဖြစ်သည်။

" သတင်းပေးမှသာ"

လုံခြုံရေးတာဝန်ရှိသူများ၊ ဥပဒေကိုအကောင် အထည်ဖော်သူများ လက်လှမ်းမမီနိုင်သည့် အချို့ကိစ္စရပ် များတွင် ပြည်သူများ၊ သက်ဆိုင်ရာပုဂ္ဂိုလ်များက တာဝန်ရှိသူထံ သတင်းပေးမှသာ ရာဇဝတ်မှုများကို ကြိုတင် ကာကွယ်နိုင်မည်ဖြစ်သည်။ ဥပဒေနှင့်အညီ အကာအကွယ်ပေးခြင်း၊ စောင့်ရှောက်ခြင်း ပြုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လိုအပ်သောကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူထံ သတင်းပေးရန် ဥပဒေတွင် သတ်မှတ်လေ့ရှိသည်။ ဥပဒေအရသတ်မှတ်သော သတင်းပေးရန်တာဝန်ကို ပျက်ကွက်လျှင်ဖြစ်စေ၊ သတင်းကို ထိမ်ချန်လျှင်ဖြစ်စေ အရေးယူအပြစ်ပေးနိုင်သည့် ဥပဒေပြဋ္ဌာန်းချက်များလည်း ရှိပါသည်။

သတင်းပေးရန် တာဝန်နှင့်စပ်လျဉ်း၍ အချို့ကိစ္စရပ်များသည် ပြည်သူအားလုံး၏ တာဝန်ဖြစ်သော်လည်း အချို့ကိစ္စရပ်များအတွက် သတင်းပေးရန်တာဝန်မှာ ပြည်သူအားလုံးတွင်တာဝန်မရှိဘဲ သက်ဆိုင်ရာပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများတွင်သာ တာဝန်ရှိသည်ကိုတွေ့ရပါသည်။ ဥပဒေအရသတင်းပေးရန် ပျက်ကွက်ခြင်း၊ သတင်း ထိမ်ချန်ခြင်းတို့အတွက် အရေးယူရန် အထူးဥပဒေများတွင် သီးခြားပြဋ္ဌာန်းထားခြင်းမရှိပါက ရာဇသတ်ကြီးပုဒ်မ ၁၇၆၊ ၂ဝ၂ တို့အရ အရေးယူလေ့ရှိပါသည်။ မည်သည့်ဥပဒေ ပုဒ်မဖြင့် အရေးယူမည်ဆိုသည်မှာ အမှုဖြစ် အကြောင်း ခြင်းရာအပေါ်မူတည်၍ ကွဲပြားခြားနားပါသည်။

" လူတိုင်းတွင် တာဝန်ရှိ"

သတင်းပေးပို့ရမည့်ကိစ္စနှင့်စပ်လျဉ်း၍ လူတိုင်းတွင် တာဝန်ရှိမှုကို သာဓကအားဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၄ (၁)နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၂ (စ)၊ ၄၃ (က) တို့တွင် တွေ့ရှိနိုင်ပါသည်။

ရာဇသတ်ကြီးပါ ပြစ်မှုများဖြစ်သော နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်အညို ပျက်အောင်ပြုမှု၊ စစ်မက်ပြိုင်ဆိုင်မှု၊ နိုင်ငံရေးအကျဉ်းသား၊ စစ်သုံ့ပန်းထွက်ပြေးရာတွင် ကူညီမှု၊ လက်သင့်ခံမှု၊ ဥပဒေ နှင့်ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု၊ ရုန်းရင်း ဆန်ခတ်မှု၊ လူသတ်မှု၊ လူသေမှု၊ သေစေရန်၊ နာကျင် စေရန်၊ တားဆီးရန် ပြင်ဆင်ပြီးမှ ကျူးလွန်သောခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ မီးဖြင့် အကျိုးဖျက်ဆီးမှု၊ ပြစ်မှုကို ကျူးလွန်ရန် အိမ်ကျော်နင်းမှု၊ ပုန်းလျှိုးအိမ်ကျော်နင်းမှု သို့မဟုတ် အိမ်ဖောက်ထွင်းမှု ကျူးလွန်ခြင်းကို သိလျှင် ဖြစ်စေ၊ ထိုပြစ်မှုများကျူးလွန်ရန်ကြံစည်နေကြောင်း သိလျှင်ဖြစ်စေ ထိုသို့သိရှိသူတိုင်းသည် နီးစပ်ရာ ရာဇဝတ် တရားသူကြီး သို့မဟုတ် ရဲစခန်းမှူးထံ သတင်းပေးပို့ရန် တာဝန်ရှိကြောင်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၄ (၁)တွင် ပြဋ္ဌာန်းထားပါသည်။

" အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၂ နှင့် ၄၃"

အကြမ်းဖက်သမားရှိကြောင်း သို့မဟုတ် အကြမ်းဖက် အုပ်စုပိုင် ငွေကြေးနှင့် ပစ္စည်းရှိကြောင်း သိသူတိုင်းက လည်းကောင်း၊ ယင်းတို့နှင့်စပ်လျဉ်း၍ ဆက်သွယ်ဆောင်ရွက်မှုရှိသည် သို့မဟုတ် ဆက်သွယ်ဆောင်ရွက် တော့မည်ဟု ယုံကြည်သူကလည်းကောင်း၊ အကြမ်းဖက် အုပ်စုပိုင် သို့မဟုတ် အကြမ်းဖက်သမားပိုင်ပစ္စည်းကို တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ထိုသို့လွှဲ ပြောင်းရန် အားထုတ်ခြင်းနှင့်စပ်လျဉ်းသည့် သတင်း အချက်အလက်ကို သိရှိသူတိုင်းကလည်းကောင်း မိမိသိရှိ သောသတင်းကို သက်ဆိုင်ရာတာဝန်ရှိ သူထံပေးပို့ရမည် ဖြစ်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၂ နှင့် ၄၃ တို့တွင် ပြဋ္ဌာန်း ထားပါသည်။

သတင်းပေးပို့ရမည့်ကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများတွင်သာ တာဝန်ရှိမှုကို သာဓကအားဖြင့် ရာဇဝတ်ကျင့် ထုံးဥပဒေပုဒ်မ ၄၅၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ အခန်း (၈)၊ ငွေရေး ကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၆၈၊ အမွေဆက်ခံရေး အက်ဥပဒေ ပုဒ်မ ၃၁၇၊ ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေ ပုဒ်မ ၁ဝ (၁)၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃ တို့တွင် တွေ့ရှိနိုင်ပါသည်။

" ချက်ချင်းသတင်းပေးရမည့် ကိစ္စရပ်အချို့"

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၅ အရ သတင်းပေး ရန်တာဝန်ရှိသူများမှာ ကျေးရွာသူကြီး၊ ကျေးရွာရဲအရာရှိ၊ လယ်မြေပိုင်ရှင် သို့မဟုတ် နေထိုင်သူ၊ လယ်မြေပိုင်ရှင် သို့မဟုတ် နေထိုင်သူ၏ လယ်မြေကို ကြီးကြပ်ကွပ် ကဲရသော ကိုယ်စားလှယ်နှင့် အစိုးရအတွက် အခွန်အခ ကောက်ခံရသည့်အရာရှိ စသောပြည်သူ့ဝန်ထမ်းများ ဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်များက အနီးဆုံးရာဇဝတ် တရားသူကြီးထံဖြစ်စေ၊ အနီးဆုံးရဲစခန်းမှူးထံဖြစ်စေ၊ ယင်းတို့အနက်ပို၍နီးသူထံဖြစ်စေ ချက်ချင်းသတင်းပေးရမည့် ကိစ္စရပ်အချို့မှာ အောက်ပါတို့ဖြစ်ပါသည် -

(က) ကျေးရွာအတွင်း ခိုးရာပါပစ္စည်းလက်ခံသူ သို့မဟုတ် ရောင်းချသူဟု ကျော်စောသတင်း ရှိသူတစ်ဦး ဦးနေထိုင်ခြင်း၊

(ခ) လူသတ်ဓားပြ၊ လုယက်သူ၊ ဝရမ်းပြေး သို့မဟုတ် တရားခံပြေးတစ်ဦးဦး ကျေးရွာအတွင်း ခိုလှုံနေခြင်း သို့မဟုတ် ဖြတ်သန်းသွားလာခြင်း၊

(ဂ) အာမခံမပေးနိုင်သောပြစ်မှု သို့မဟုတ် ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု၊ ရုန်းရင်း ဆန်ခတ်မှုတို့ကို ကျူးလွန်ခြင်း သို့မဟုတ် အဆိုပါပြစ်မှုများ ကျူးလွန်ရန် ကြံရွယ်ချက်ရှိခြင်း၊

(ဃ) ကျေးရွာအတွင်း သို့မဟုတ် အနီးအနားတွင် မသင်္ကာဖွယ်ရာသေဆုံးခြင်း။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရသတ်မှတ်ထားသည့် သတင်းပို့အဖွဲ့အစည်းများသည် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် အခြားအာဏာပိုင်များထံ အရေးပါသည့် သတင်းအချက်အလက်များပေးပို့ရန် တာဝန်ရှိပါသည်။ ငွေကြေးခဝါချမှုနှင့်စပ်လျဉ်း၍ သတင်းပို့ အဖွဲ့အစည်းများက လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ အခန်း (၈) တွင် ပြဋ္ဌာန်းထားပါသည်။

ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၆၈ အရ ငွေရေးကြေးရေး အဖွဲ့အစည်းများသည် တည်ဆဲ ဥပဒေများအရ သက်ဆိုင်ရာသို့ သတင်းပို့ရမည့်ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဗဟိုဘဏ်က သတ်မှတ် သည့် လုပ်ထုံး လုပ်နည်းများနှင့်အညီ သတင်းပေးပို့ရမည်ဖြစ်ပါသည်။ ဘဏ်အသီးသီး သည် ငွေရေးကြေးရေး အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ်များ ခန့်ထားခြင်းတို့ကို ဗဟိုဘဏ်သို့ တင်ပြရန်တာဝန်ရှိကြောင်း ယင်းဥပဒေ ပုဒ်မ ၈၇၊ ၈၈ (ဂ) တို့တွင် ပြဋ္ဌာန်းထားပါသည်။ ဘဏ်၏စာရင်းစစ်က ဗဟိုဘဏ်သို့ ချက်ချင်းသတင်းပို့ ရမည့်ကိစ္စများကို ယင်းဥပဒေပုဒ်မ ၈၉(င)တွင် ပြဋ္ဌာန်းထားပါသည်။

" ပြစ်မှုကျူးလွန်သူဟု မှတ်ယူ"

အမွေဆက်ခံရေးအက်ဥပဒေ ပုဒ်မ ၃၁၇ တွင် သေတမ်းစာအတည်ပြုသူနှင့် အမွေထိန်းတို့က ပစ္စည်းစာရင်းနှင့် ငွေစာရင်းတင်ပြရန်တာဝန်ကို ပြဋ္ဌာန်းထားပါသည်။ သတ်မှတ်ကာလအတွင်း တင်သွင်းရန်ပျက်ကွက်ပါက ရာဇသတ်ကြီးပုဒ်မ ၁၇၆ အရ ပြစ်မှုကို ကျူးလွန်သည်ဟု မှတ်ယူရမည်ဖြစ်ပါသည်။

" တောင်းဆိုခွင့်ရှိ"

၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေ ပုဒ်မ ၁ဝ (၁) အရ ကော်လိတ်တော်အရာရှိသည် မည်သူ့ကိုမဆိုမြေတွင် အကျိုးခံစားခွင့်ရှိသူနှင့် အကျို းခံစားခွင့်များ၊ ငှားရမ်းခများ၊ ရရှိသည့် အကျိုး အမြတ်များ(ရှိလျှင်)၊ နောင် ၃ နှစ်အတွင်း ရယူခံစားနိုင်မည့် အကျိုးအမြတ်များစသည်တို့ကိုတင်ပြရန် တောင်းဆိုခွင့်ရှိပါသည်။ ယင်းသို့တင်ပြရန် တောင်းဆိုခြင်းခံရသူသည် ကော်လိတ်တော်အရာရှိ၏ တောင်းဆိုချက် အတိုင်းတင်ပြရန် သို့မဟုတ် ထွက်ဆိုရန်ပျက်ကွက်ပါက ရာဇသတ်ကြီးပုဒ်မ ၁၇၆ အရ သတင်းပေးရန် တာဝန်ပျက်ကွက်မှုဖြင့် အရေးယူနိုင်ပါသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃ အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးသည်ရပ်ကွက် သို့မဟုတ် ကျေးရွာအတွင်းနေထိုင်သူ မဟုတ်သော မသင်္ကာဖွယ် သူစိမ်းတွေ့ရှိခြင်း၊ မှုခင်းများနှင့် ဒုစရိုက်မှုများ ဖော်ထုတ်ခြင်း၊ သတင်းပေးတိုင်ကြားခြင်း၊ ဖမ်းဆီးအရေးယူခြင်း၊ နိုင်ငံခြားသား ဝင်/ထွက် သွားလာခြင်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့ အစည်းများသို့ သတင်းပို့ရန် တာဝန်ရှိပါသည်။

" အရေးယူနိုင်"

ပြည်သူ့ဝန်ထမ်းသို့တိုင်ကြားရန် သို့မဟုတ် သတင်းပေးရန်တာဝန်ရှိသူက မတိုင်ကြားဘဲ သို့မဟုတ် သတင်းမပေးဘဲ တမင်ပျက်ကွက်လျှင် ရာဇသတ်ကြီးပုဒ်မ ၁၇၆ အရ အရေးယူနိုင်ပါသည်။ ထိုသို့ သတင်းပေးရန် တမင်ပျက်ကွက်ကြောင်းထင်ရှားလျှင် တစ်လအထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါး သောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်ပါသည်။ ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်သော သတင်းသို့မဟုတ် တိုင်ကြားချက်ကိုပေးရန် ပျက်ကွက်ခြင်းဖြစ်လျှင် ပြစ်ဒဏ် မှာ ပိုမိုကြီးလေးပါသည်။ ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ငွေဒဏ် ကျပ်တစ်သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်းခံရနိုင်ပါသည်။

ရာဇသတ်ကြီးပုဒ်မ ၁၇၆ အရ ပြစ်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်သူ့ ဝန်ထမ်း၏ တိုင်ကြားစာ သို့မဟုတ် ယင်းဝန်ထမ်း၏အထက် ပြည်သူ့ ဝန်ထမ်းက တိုင်ကြားသော တိုင်ကြားစာအရမဟုတ်လျှင် အရေးယူဆောင်ရွက် ခြင်းမပြုရန် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၉၅ (က) တွင် တားမြစ်ထားပါသည်။

"ဥပဒေနှင့်အညီ"

ပြစ်မှုကျူးလွန်ပြီးဖြစ်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန် အကြောင်းရှိလျက်နှင့်ဖြစ်စေ ထိုပြစ်မှုနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီပေးရန် တာဝန်ရှိသော သတင်းကိုမပေးဘဲ တမင်ပျက်ကွက်သူကို ၆ လအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးပုဒ်မ ၂ဝ၂ တွင်ပြဋ္ဌာန်းထားပါသည်။ သတင်းပေးရန် ပျက်ကွက်သူသည် မိမိသိရှိသော သို့မဟုတ် ယုံကြည်ရန် အကြောင်းရှိသော ပြစ်မှုကျူးလွန်ခဲ့သည့်သတင်းကို မပေးဘဲ တမင်ပျက်ကွက်ခြင်းပြုမှသာ ရာဇသတ်ကြီး ပုဒ်မ ၂ဝ၂ အရ ပြစ်မှုမြောက်မည်ဖြစ်ပါသည်။

ရာဇသတ်ကြီးပုဒ်မ ၁၇၆ နှင့် ၂ဝ၂ တို့၏ ခြားနား ချက်မှာ ပုဒ်မ ၁၇၆ သည် ယေဘုယျသတင်းနှင့်သက်ဆိုင်ပြီး ပုဒ်မ ၂ဝ၂ သည် ကျူးလွန်ပြီးသော ပြစ်မှုနှင့်စပ်လျဉ်း၍ ပေးရမည့်သတင်းနှင့်သက်ဆိုင်သည်။ ရာဇသတ်ကြီး ပုဒ်မ ၂ဝ၂ ပါ ''ဥပဒေနှင့်အညီပေးရန် တာဝန်ရှိသော သတင်း'' ဆိုသည်မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၄ နှင့် ၄၅ တို့ပါ ရာဇသတ်ကြီးပုဒ်မများကိုလည်းကောင်း၊ အထူး ဥပဒေအချို့ပါ ပြစ်မှုများကိုလည်းကောင်း ကျူးလွန်ခြင်း နှင့်စပ်လျဉ်း၍ သတင်းပေးရန်တာဝန်သတ်မှတ်ထားသည့် ကိစ္စနှင့်သက်ဆိုင်ရမည်ဖြစ်ပါသည်။ ယင်းသို့သတ်မှတ် ထားသောပြစ်မှုများတွင် အကျုံးမဝင်သည့်ပြစ်မှုများနှင့် စပ်လျဉ်း၍ သိရှိသူသည် ဥပဒေအရသတင်းပေးရန် တာဝန်မရှိသောကြောင့် သတင်းပေးရန်ပျက်ကွက်သည်၊ ပြစ်မှုကိုထိမ်ချန်သည် ဆိုကာ အရေးယူနိုင်မည် မဟုတ်ပါ။

"ဥပဒေသဘော"

သတင်းပေးရန်တာဝန်ရှိသူက သတင်းပေးရန် ပျက်ကွက်ခြင်းသည် ရာဇဝတ်ကြောင်းအရတရားစွဲဆို အရေးယူ နိုင်သော ကိစ္စဖြစ်သော်လည်း ဥပဒေအရ သတင်းပေးရန် တာဝန်မရှိလျှင်ဖြစ်စေ၊ သိရှိသောကိစ္စမှာ ဥပဒေအရ သတင်းပေးရမည့် ကိစ္စမဟုတ်လျှင်ဖြစ်စေ ယင်းကိစ္စရပ်အတွက် သက်ဆိုင်ရာသို့ အသိမပေးခြင်းကို အကြောင်း ပြုပြီး သတင်း ပေးရန် ပျက်ကွက်သည်၊ အမှု ထိမ်ချန်သည်ဆိုကာ အရေးယူဆောင်ရွက်ရန် ဥပဒေက ခွင့်မပြုကြောင်းနှင့် သတင်းပေးရန်တာဝန်ရှိသူက သတင်းမပေးဘဲ တမင်ပျက်ကွက်ခြင်းမဟုတ်လျှင် အရေး ယူနိုင် မည်မဟုတ်ပါကြောင်း ဥပဒေသဘောကို ဗဟုသုတရစေရန်အလို့ငှာ ရေးသားတင်ပြလိုက်ပါသည်။ 



#Source From Internet

Comments

Popular posts from this blog

သက်သေခံအက်ဥပဒေကို ပိုင်းခြားခြင်း (အပိုင်း-၁)

သက်သေခံအက်ဥပဒေကို ပိုင်းခြားခြင်း (အပိုင်း-၂)

သက်သေခံအက်ဥပဒေကို ပိုင်းခြားခြင်း (အပိုင်း-၃)