ပြစ်မှုများတွင် ခုခံရေးလမ်းကြောင်း (၇) မျိုး
ခုခံရေးလမ်းကြောင်း သို့မဟုတ် Defence Line
ပြစ်မှုများကို တရားခံရှေ့နေသည် ခုခံရေးလမ်းကြောင်းရေးဆွဲရာတွင် ပြစ်မှုအမျိုးအစား၊ အခြေအနေပေါ်မူတည်၍ မိမိ၏တရားခံကျူးလွန်ထားသောပြစ်မှုနှင့် အသင့်တော်ဆုံး ခုခံရေးလမ်းကြောင်း ရေးဆွဲရမည်။ ထိုသို့ရေးဆွဲရာတွင် အခြေခံအကျဆုံး သိထားသင့်သည့် ခုခံရေးလမ်းကြောင်းများကို အောက်တွင် တစ်မျိုးခြင်းစီ ဖော်ပြထားပါသည်။
(၁) စွဲဆိုထားသောအမှုကို မကျူးလွန်ခြင်း (Total Denial)
မိမိ၏တရားခံမှာ စွဲဆိုထားသောပြစ်မှုကို မကျူးလွန်ထားကြောင်း လုံးဝ ငြင်းဆိုမှုပြုခြင်း၊ တရားလိုအနေဖြင့် တရားခံသည် ပြစ်မှုကျူးလွန်ထားကြောင်း ထင်ရှားစေရန် ခိုင်လုံသည့် သက်သေခံချက်များနှင့် အကြောင်းခြင်းရာများကို တရားရုံးတွင် သက်သေပြရမည်ဖြစ်ပြီး တရားခံအနေဖြင့် ထိုသို့ တရားလိုဖက်မှတင်ပြ ထွက်ဆိုထားသည့် သက်သေခံချက် အထောက်အထားများကို အကြောင်းအကျိုးညီညွှတ်စွာ ချေပငြင်းဆိုရမည်။
(၂) အခင်းဖြစ်ပွားစဉ်၌ တရားခံမရှိခြင်း (Alibi)
အခင်းဖြစ်ပွားစဉ်အခါ၌ တရားခံမရှိပါဟုငြင်းဆိုခြင်း၊ ခရီးလွန်နေပါသည်ဟုထုချေခြင်း၊ စသည့်နည်းကဲ့သို့သော ချေပမှုများသည် မစပ်ဆိုင်သော အကြောင်းခြင်းရာဖြစ်သော်လည်း၊ သက်သေခံအက်ဥပဒေ ပုဒ်မ ၁၁ အရ အမှုနှင့် စပ်ဆိုင်သော အကြောင်းခြင်းရာ ဖြစ်လာ၍ သက်သေခံဝင်သည်။ ထိုသို့သော ခုခံရေးလမ်းကြောင်းမျိုးသည် အကြောင်းယုတ္တိရှိရန် အလွန်ပင် အရေးကြီးသည်။
(၃) လူမှား၍ စွပ်စွဲခြင်း (Mistaken Identify)
အခင်းဖြစ်ပွားချိန်တွင် တရားလိုအနေဖြင့် အလင်းရောင် မလုံလောက်၍ ကျူးလွန်သူကို သဲသဲကွဲကွဲ မြင်ရခြင်းမရှိဘဲ လူမှား၍ စွပ်စွဲခြင်း၊ အမှန်တကယ်ပြစ်မှုကျူးလွန်သူနှင့် အရပ်အမောင်းတူညီသူဖြစ်ခြင်း၊ တရားလိုနှင့် မိမိမှာ ယခင်က ရန်ညှိုးရန်စရှိကြသူများဖြစ်ခြင်း ထိုကြောင့်သာ တရားလိုသည် ယခုကဲ့သို့ စွပ်စွဲခြင်းသာဖြစ်ကြောင်း ထုချေနည်း ဤနည်းသည် အောင်မြင်ကျော်ကြားသော ရှေ့နေတစ်ဦး အဖြစ်လဲ အမေရိကန်သမ္မကြီး လင်ကွန်း အမှုတစ်မှုတွင် ကျင့်သုံးခဲ့သည်။ ဤနည်းဖြင့် ခုခံရာတွင် တရားခံရှေ့နေသည် မတူညီမှုတွေကို ကွဲပြားခြားနားအောင် ရှင်းလင်းထုချေတင်ပြသင့်သည်။
(၄) ဥပဒေပြဌာန်းချက်ကို အားကို ခုခံခြင်း (Legal Defense)
ဤနည်းဖြင့် တရားခံဖက်မှခုခံလျှင် တရားလိုသည် တရားခံအားခွင့်ပြုမိန့် (Sanction) မရဘဲ စွဲဆိုထားခြင်းဖြစ်ကြောင်း၊ စီရင်ပိုင်ခွင့် မရှိဘဲ စွဲဆိုထားခြင်းဖြစ်ကြောင်း၊ ရာဇသတ်ကြီး အခန်း (၁၄) ပါ ကင်းလွတ်ချက်များနှင့် ကာကွယ်ခုခံပိုင်ခွင့်ရှိကြောင်း စသည့် ဥပဒေပါ အခွင့်အရေးများနှင့် ထုချေသင့်သည်။ အမှန်တကယ်ခွင့်ပြုမိန့်လိုအပ်သူဆိုပါက စွဲစိုထားသောအမှုသည် ပျက်ပြယ်မည်သာဖြစ်သည်။ ဥပဒေဆိုင်ရာကင်းလွတ်ချက်များနှင့် စိတ်ရောဂါစွဲကပ်နေကြောင်းတင်ပြလာလျှင် တရားလိုဖက်မှ တရားခံ၏အမှန်တကယ် ဆေးကုသမှုရာဇဝင်အစ အသေးစိတ် စစ်ဆေးမေးမြန်းသင့်ပါသည်။ ကာကွယ်ခုခံပိုင်ခွင့်ကို တင်ပြလာလျှင် တရားခံ အခင်းဖြစ်ပွားချိန်က အသုံးပြုသည့် လက်နက်၊ အကြိမ်အရေအတွက်၊ ခန္ဓာကိုယ်၏ အရေးကြီးသည့် အစိတ်အပိုင်းဟုတ်/မဟုတ်တို့ကို တရားလိုဖက်မှ ပြန်လည်မေးမြန်းရပါမည်။ သက်သေခံအက်ဥပဒေ ပုဒ်မ ၁၀၅ နှင့်တွဲ၍ လေ့လာသင့်ပါသည်။
(၅) ပြစ်မှု၏တစ်စိတ်တစ်ဒေသကို ခုခံခြင်း (Partial Defense)
တစ်ခါတစ်ရံ တရားခံသည် အမှုတစ်ခုလုံးကို လုံးဝငြင်းဆိုခြင်းမပြုဘဲ တစ်စိတ်တစ်ဒေသကို ဝန်ခံ၍ တစ်စိတ်တစ်ဒေသကို ခုခံငြင်းဆိုတတ်ပါသည်။ ဥပမာ- လူသတ်မှုတစ်ခုတွင် လူသေမှုဖြစ်အောင်ခုခံခြင်း၊ အပြင်းအထန်နာကျင်စေမှုမှ သာမာန်နာကျင်စေမှုဖြစ်လာခြင်း စသည်တို့ကဲ့သို့ ခုခံခြင်းမျိုးဖြစ်သည်။ ထိုသို့အခါမျိုးတွင် ရာဇသတ်ကြီး ပုဒ်မ ၂၉၉ ပါ အချက်အလက်များနှင့် အကျုံးဝင်မှု ရှိ/မရှိ နှင့် တရားခံတွင် တင်ကူးကြံရွယ်ချက် ရှိ/မရှိ တို့ကို သေချာစွာ စိစစ်သင့်သည်။
(၆) အကြောင်းပြချက်တစ်ခုခုဖြင့် ခုခံခြင်း (Qualified Defense)
ဤနည်းကား ပြစ်မှုတစ်ခုသည် အကြောင်းတစ်ခုခုဖြစ်ပေါ်လာမှုကြောင့် ဖြစ်ပွားရခြင်းမျိုး ခုခံတတ်ကြသည်။ ထိုကြောင့် ယင်းပြုလုပ်မှုသည် ဥပဒေအရ ခွင့်ပြုထားသည့်ဘောင်အတွင်းမှ ကျော်လွန်၍ လုပ်ဆောင်ခြင်း ဖြစ်/မဖြစ်ကို စိစစ်မေးမြန်းရမည်။ ဥပမာ- ရုတ်တရက် အကြီးအကျယ်ဒေါသထွက်အောင် ပြုမူပြောဆိုမှုကြောင့် မိမိမှရိုက်နှက်ရခြင်းမျိုး ခုခံချေပတတ်သည်။
(၇) သက်ညှာခွင့်တောင်းခံခြင်း (Leniency)
တစ်ခါတစ်ရံတွင် တရားခံသည် ပြစ်မှုကျူးလွန်ကြောင်း ငြင်းပယ်ခြင်းမပြုဘဲ ပြစ်ဒဏ်၏ သက်ညှာခွင့်ပြုရန်သာတောင်းခံတတ်ပါသည်။ ဥပမာ- အသက်ငယ်ခြင်း၊ကြီးခြင်း၊ ယခင်က အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ ပြစ်ချက်ဟောင်းမရှိခြင်း၊ မတော်တဆဖြစ်ခြင်း၊ တင်ကူးကြံရွယ်ချက်မရှိခြင်း၊ ယခုသည် ပထမဆုံးအကြိမ်ဖြစ်ခြင်း စသည်တို့ဖြစ်ပင် သက်ညှာခွင့် တောင်းတတ်ကြသည်။
Comments
Post a Comment